Saturday, December 29, 2012
ပြားပြီးကပ်နေရာမှ ကားပြီးပြတ်လာရခြင်းအကြောင်း
ပြားပြီးကပ်နေရာမှ ကားပြီးပြတ်လာရခြင်းအကြောင်း
- သူရဿဝါ -
မိုဘိုင်းလ်ဖုန်း ဆိုတာ ဒီနေ့ အချိန်၊ ဒီနေ့ အခြေအနေ မှာတော့ အရင် တုန်းကလို ပိုက်ဆံ တတ်နိုင်တဲ့ လူတန်းစား တစ်ရပ်ရဲ့ ဇိမ်ခံ ပစ္စည်း တစ်မျိုး ဆိုတဲ့ နေရာမှာ မရှိတော့ ပါဘူး။ ဟုတ်တယ် … တဖြည်းဖြည်း ကျဆင်း လာတဲ့၊ ကျဆင်း လာနိုင် ဦးမယ့် အနေအထား ရှိနေတဲ့ မိုဘိုင်းလ် ဖုန်းတွေဟာ လူလတ်တန်းစား အများစုနဲ့ အခြေခံ လူတန်းစား အနည်းငယ် တို့ရဲ့ လုပ်ငန်းခွင်မှာ ထိထိရောက်ရောက် (ရှားရှားပါးပါး ဖုန်းလိုင်း ကလေးများ ကြည်လင် ရှင်းသန့် နေတဲ့ အချိန်မျိုး မှာတော့ ထိထိရောက်ရောက် ပေါ့လေ) အကူအညီ ပေးနိုင်နေပြီ ဖြစ်တဲ့ အခြေခံ လူသုံးကုန် ပစ္စည်း တစ်မျိုး အသွင်ကို တဖြည်းဖြည်း ကူးပြောင်း လာနေ ပါပြီ။
လက်ကိုင် ဖုန်းလေး ခါးချိတ်ပြီး သူခိုး ရွှေရ တပြပြ သွားကြတဲ့ ခေတ် မဟုတ်တော့ သလို၊ အဲသလို ဖုန်းလေး ခါးချိတ် သွားတဲ့ လူကို မြင်ရင် အထင်ကြီး လေးစားတဲ့ မျက်လုံးမျိုး တွေနဲ့လည်း လိုက်မကြည့် ကြတော့ ပါဘူး။ လူကျပ်တဲ့ ဘတ်စ် ကားပေါ် လက်ကိုင်ဖုန်းက ဖုန်းသံ မြည်လာတဲ့ အခါ ဘေးက လူတွေကို စမတ်ကျကျ တစ်ချက်လောက် ဝေ့ကြည့် လိုက်ပြီးမှ ဟန်ပါပါ ဖုန်းကလေး နားမှာ ကပ်ပြီး “ဟယ်လို .. ဟယ်လို” လုပ်တဲ့ခေတ် မရှိတော့ သလို ကားပေါ်က လူတွေ ကလည်း အဲဒီလို ကြားရတဲ့ ဖုန်းသံကို စပယ်ယာရဲ့ အော်ဟစ် ငေါက်ငန်းသံ လောက်တောင် အရေးတယူ မလုပ်ကြ တော့ပါဘူး။ ဒါပေမယ့် … အဲဒီလို လက်ကိုင်ဖုန်း တွေနဲ့ ဆက်စပ် ပတ်သက်တဲ့ ပစ္စည်း ပစ္စယ အချို့ ကတော့ အရင်က မိုဘိုင်းလ် ဖုန်းတွေ ယူထားခဲ့တဲ့ “လူကုံထံ ဇိမ်ခံ ပစ္စည်း” နေရာကို တရွေ့ရွေ့ ရောက်ရှိ လာနေ ပါတယ်။ ဘာများပါလိမ့် …။ အဲဒါက ဘာများ ဖြစ်နိုင် သလဲ ဆိုတော့ …။
အဲဒါက ဘာလဲ ဆိုတော့ အရည်အသွေးမြင့် ဟန်းဆက် (သုံးနေရင်း တန်းလန်း ကိုပဲ ခဏ ခဏ “ဟန်း” သွား တတ်တဲ့ လက်ကိုင်ဖုန်း “စက်” အခွံတွေ အတွက် ကတော့ ဒီနာမည်က အံဝင်ခွင်ကျ) တွေပါပဲ။ ကမ္ဘာ အနှံ့ ဟန်းဆက် လောကကို လွှမ်းမိုး ထားတဲ့ Apple နဲ့ Samsung ကုမ္ပဏီ တွေက အခု နောက်ဆုံး အသစ် ထုတ်နေ ကြတဲ့ ဟန်းဆက် အမျိုးအစား တွေရဲ့ အရည်အသွေးနဲ့ ဈေးနှုန်း တွေက အဲဒါကို သက်သေထူ နေတာပေါ့။ သူတို့ ကလည်း တော်တော့်ကို လည်ကြ ပတ်ကြ ပါတယ်။ အရည် အသွေး မြင့်၊ ဈေးနှုန်းမြင့် ဖုန်းတွေကို ထုတ်လုပ်ပြီး ပိုက်ဆံ တတ်နိုင်သူ လူတန်းစား တွေရဲ့ ဈေးကွက်ကို ချုပ်ကိုင် ထားရုံတင် မကဘဲ၊ အရည်အသွေး အသင့်အတင့်၊ ဈေးနှုန်း အသင့်အတင့် တတ်နိုင်တဲ့ လူလတ်တန်းစား တွေရဲ့ လိုအင် ဆန္ဒနဲ့ ဈေးကွက် ကိုပါ ချုပ်ကိုင် ထားနိုင်ဖို့ ကြိုးစား နေကြတယ်။
ဘာပဲ ဖြစ်ဖြစ်လေ .. အဲဒီလို အရည်အသွေးမြင့် ဈေးနှုန်း မြင့်တဲ့ ဟန်းဆက် တွေကတော့ မောင်ဝါဝါတို့ နိုင်ငံရဲ့ အနေအထား အရ ပိုက်ဆံ တတ်နိုင်တဲ့ လူကုံထံ တွေရဲ့ ဇိမ်ခံ ပစ္စည်း တစ်ခု နေရာမှာ အတည်တကျ ရောက်ရှိ နေတယ် ဆိုတာ သေချာ ပါတယ်။ ပိုက်ဆံ မတတ်နိုင်တဲ့ သူတွေက ဟိုဖက်က အသံကြားရရင် ပြီးရော၊ ဒီဖက်က ပြောတဲ့ အသံ ထွက်သွားရင် ပြီးရော ဆိုတဲ့၊ သီချင်း နားထောင်ရုံ လောက်က လွဲပြီး တခြား ဘာဖျော်ဖြေမှုမှ မပေးနိုင် လောက်တဲ့ ဟန်းဆက် လေးတွေသာ ကိုင်ကြပြီး အသင့် အတင့် တတ်နိုင်သူ တွေကတော့ ဂိမ်းတွေ၊ ကင်မရာတွေ၊ အသံ အရည် အသွေးတွေ အသင့် အတင့်လောက် ရှိတဲ့၊ ဈေးနှုန်းလည်း အသင့် အတင့်မှာ ရှိတဲ့ ဟန်းဆက် မျိုးလေးတွေ ဝယ်ယူ အသုံးပြု ကြပါတယ်။ ကင်မရာ ဆိုလည်း တကယ့် ကင်မရာ လောက်နီးနီး ရုပ်ထွက် ကောင်းတဲ့၊ အပလီ ကေးရှင်းတွေ၊ ဂိမ်းအမြင့် တွေလည်း ခပ်မိုက်မိုက် ကစားလို့ ရတဲ့ ဟန်းဆက်မျိုး တွေကိုတော့ ပိုလျှံ ပေါများသူ အချို့ လောက်က လွဲပြီး သိပ်မကိုင် နိုင်ကြ ပါဘူး။
အခု နောက်ပိုင်း နာမည်ကျော် ဖုန်း ကုမ္ပဏီ တွေက ထုတ်လုပ်တဲ့ ဖုန်းတွေဟာ အရည်အသွေး ပိုင်းတင် မဟုတ် တော့ဘူး။ ဖုန်းရဲ့ ပုံသဏ္ဍာန်၊ အထူအပါး စတာတွေ ကိုပါ ချိန်ညှိ ပြီးတော့ ဖုန်းကို လက်ဝယ် ပိုင်ပိုင် မသုံးစွဲ ရသေးခင် ဖုန်းကို မြင်တာ နဲ့တင် ပုံစံလေး ကြိုက်ပြီး ဝယ်ချင်အောင် ဆွဲဆောင်လို့ သုံးစွဲသူရဲ့ အမြင် အာရုံနဲ့ လိုချင် စိတ်ကို ပိုပြီး မြှင့်တင် လာခဲ့ ကြတာ ဖြစ်ပါရဲ့။ ဟန်းဆက် ကောင်းကောင်း တစ်လုံး ထွက်လာ တာနဲ့ အရင် ထုတ်တဲ့ ဗားရှင်းထက် အရည် အသွေး ကောင်းအောင် ပြုလုပ် ရုံတင် မကဘဲ ဖုန်းကို ပါးသထက်ပါး၊ ပြားသထက် ပြားအောင်ကို ထုတ်လုပ် လာနေ ကြတာ ပါပဲ။
“ဒီကောင်လေးက အရင်ကောင်ထက်ကို ပိုပါးပြီး ပိုပြား လာသဟေ့” လို့များ ကြားလိုက်ရင် မောင်ဝါဝါ တွေးမိ တာက အရင်ထက်ကို ဈေးလည်း ပိုများ လာမှာ မြေကြီး လက်ခတ် မလွဲပဲ ဖြစ်ရမယ် လို့ပါ။ သူငယ်ချင်းတွေ ဟန်းဆက် ဝယ်ဖို့ ဖုန်းဆိုင်ထဲ ရောက်သွားလို့ ကိုယ်ပါ မယောင်မလည် ပါသွားရင် အထဲမှာ တွေ့တဲ့ ရောင်းတန်း ဟန်းဆက် လေးတွေကို ကြည့်ရင်း အရောင်း ဝန်ထမ်း လေးတွေရဲ့ “ပြားပြား ကပ်ကပ်လေး၊ တကယ့် ပါးပါးလေး၊ ဘာမှ အလေးချိန် မစီးဘူး” ဆိုတာ မျိုးတွေ ကြားရင်ကို အဆိုတော် ဂျောက်ဂျက်ရဲ့ “ပြားပြီး ကပ်နေတာပဲ၊ ပြားပြီး ကပ်နေတာပဲ” ဆိုတဲ့ သီချင်း စာသားလေး တစ်ပိုင်းတစ မောင်ဝါဝါ့ စိတ်ထဲကို ရောက်လာ တတ်ပါတယ်။ သူကတော့ ဘယ်သူ့ကို ရည်ရွယ် သီဆိုမှန်း မသိပေမယ့် မောင်ဝါဝါ့ စိတ်ထဲတော့ ချစ်လှစွာသော တယ်လီဖုန်း ဝါသနာအိုး ပရိသတ် များကို စောင်းပြီး ဆိုနေသလိုပဲ ခံစား ရပါတယ်။ အဲ.. နောက်ထပ် မဆီ မဆိုင် တွေးမိ တာကတော့ ဘန်းစကား တစ်ခုပါ။ အမှတ်မထင် အားလုံးလည်း ကြားဖူး ကြမှာပါ။
“သွားပြီ .. ဒီတစ်ခါတော့ ဒီကောင် တကယ်ကို ကားပြီ ..”
“အရင်က သူများကို လူလည် လုပ်သလောက် သူနဲ့ကျမှ ငါလည်း ကား .. နေတာပဲ”
“ကား” တယ် ဆိုတဲ့ အသုံး အနှုန်းက အခုခေတ် လူငယ်တွေ ပါးစပ်ဖျားမှာ ရှိနေပါတယ်။ မရှုမလှ ခံလိုက်ရ တာကို “ကား” တယ်လို့ သုံးကြတာ ဖြစ်ပါတယ်။ ကားယားကြီး ပုံပျက် ပန်းပျက် ဖြစ်သွားတယ် ဆိုတဲ့ အဓိပ္ပါယ် မျိုးနဲ့ သုံးနှုန်း ကြတယ်လို့ မောင်ဝါဝါတော့ ယူဆ မိတာပါပဲ။ နေပါဦး .. အခုလေးတင် ပါးပြီး ကပ်နေတဲ့ ဖုန်းတွေ အကြောင်း ပြောရာက ဘာမှ မဆိုင်တဲ့ “ကား” ဘန်းစကားဆီ ဘယ်လို ရောက်သွား ရတာတုန်း။ တကယ်တော့ စာဖတ်သူတို့ တွေးနေ သလိုပဲ .. ဘာမှကို မဆိုင်ပါဘူး။ ဒါပေမယ့် မဆီ မဆိုင်၊ ဟိုစပ်စပ် ဒီစပ်စပ်၊ ဟိုဟာ ဆွဲတွေး ဒီဟာ ဆွဲတွေး၊ ဟိုကဟာ ဒီကိုကပ် ဒီကဟာ ဟိုကိုကပ်နဲ့ ကြောင်တောင်တောင်တွေ လျှောက်စဉ်းစား တတ်တဲ့ မောင်ဝါဝါ ကတော့ ထုံးစံ အတိုင်းပဲ အဲဒီ နှစ်ခုကို ဆက်စပ် စဉ်းစား ကြည့်လိုက်ပါတယ်။
ဖုန်းကလေးတွေ ဈေးနှုန်း မြင့်လာ လေလေ၊ ပြားပြီး ကပ်လာလေလေ၊ မောင်ဝါဝါ တို့ရဲ့ ငွေကြေး အကုန်အကျ အသုံးစားရိတ် ဟာလည်း အချိုးညီညီ အိတ်ကပ် ထဲကနေ ခုန်ထွက် သွားတတ် ကြတာ မို့လို့ ကိုယ့်ရဲ့ ပိုက်ဆံ အိတ်ကပ် ကလေး တွေလည်း ပြားပြီး ကပ်လာ လေလေ ပါပဲ။ ဒီလိုသာ ဆက်ပြီး သွားကြ စတမ်း ဆိုရင်တော့ မောင်ဝါဝါတို့ မနှေး အမြန် “ကား” ကြတော့ မှာပါပဲ။ ဂိမ်း အကောင်းစား လေးတွေမှ ကစား ချင်သူများ၊ ကင်မရာ အရည်အသွေး မြင့်မြင့် လေးနဲ့မှ စိတ်ချမ်းသာ သူများ၊ ကိုယ်သုံးတဲ့ OS ဗားရှင်း လေးတွေ မြင့်မား နေမှ သဘောကျ သူများ အနေနဲ့တော့ ပြားပြီး ကပ်လာတဲ့ ဖုန်းလေးတွေ နောက်ကို လိုက်ရင်း နဂိုက ဖောင်းနေတဲ့ ပိုက်ဆံ အိတ်ကလေးတွေ တဖြည်းဖြည်း ပြားရင်း ပြားရင်း ကပ်ရင်း ကပ်ရင်းနဲ့ “ပြားပြီး ကပ်” ကုန်ကြတဲ့ အခြေအနေ ကနေ “ကား” ပြီး ရှိစုမဲ့စု လေးတွေ အားလုံး “ပြတ်” ကုန် ကြမယ့် ဘဝကို ရောက်သွား နိုင်တာ မို့လို့ “ပြားပြီးကပ်နေရာက ကားပြီးပြတ်လာရခြင်း အကြောင်းအရင်း” တွေကို မောင်ဝါဝါတော့ မြင်ယောင် တွေးတော နေမိ ပါလေရဲ့ဗျာ။
၁၃ - ဒီဇင်ဘာ - ၂၀၁၂
Net Guide Journal
Volume (2), Issue (65)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment